နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်အတွင်း ရဟန်းတစ်ပါး၏ မံမီရုပ်အလောင်းအား ပညာရှင်များ တွေ့ရှိ
နယ်သာလန်နိုင်ငံ ဒီရမ်းစ် ဆေးသုတေသန ပြတိုက်ရှိ သုတေသန ပညာရှင်များဟာ ရှေးယခင် ၁၁ ရာစုနဲ့ ၁၂ ရာစုလောက်က တည်ရှိခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများကို စစ်ဆေးကြည့်ရှုနိုင်တဲ့ CT scanner စက်နဲ့ X-ray ဖတ်ကြည့်ရာ ရုပ်ပွားတော် အတွင်း၌ မပုပ်မသိုးအောင် ဆေးစိမ် ထားရှိထားတဲ့ တရားထိုင်နေသော ရဟန်းတော်တစ်ပါးရဲ့ မံမီရုပ်အလောင်းကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။
ရုပ်ပွားတော်အတွင်း တွေ့ရှိရတဲ့ ရဟန်းတော် ရုပ်အလောင်းဟာ တရုတ်လူမျိုးတို့ရဲ့ တရားစခန်းမှာ သီတင်းသုံးခဲ့တဲ့ ဗုဒ္ဓဘုန်းတော်ကြီး လူကွမ်ဖြစ်ကြောင်း ဗုဒ္ဓဘာသာရေး အထူးကျွမ်းကျင်သူ အဲရစ် ဘရူဂျင်က ဆိုပါတယ်။
ဆေးစိမ်ထားတဲ့ ရဟန်းတော်ကို စစ်ဆေးကြည့်ရာမှာ ခန္ဓာကိုယ် အတွင်းအစိတ်အပိုင်းများကို ဖယ်ရှားထားပြီး ရုပ်အလောင်းကို တရုတ်စာလုံးများ ရေးသားထားသော ပုံဖော် စက္ကူလိပ်ဖြင့် ဖုံးအုပ်ထားတာကို တွေ့ရှိရပါတယ်။
အဆိုပါရုပ်အလောင်းကို ဟန်ဂေရီနိုင်ငံ ဘူဒါးပတ်မြို့သို့ သယ်ဆောင်သွားပြီး ၂၀၁၅ မေလ မတိုင်ခင်ဟန်ဂေရီ အမျိုးသားသမိုင်းပြတိုက်မှာ ပြသသွားမယ်လို့ သိရှိရပါတယ်။ အဆိုပါ လူကွမ်အမည်ရှိ ဆေးစိမ် ရဟန်း ရုပ်အလောင်းဟာ အမှန်တကယ် အသက်သေဆုံးခြင်း မရှိဘဲ တရားပေါက်သွားသည့် အခြေအနေမျိုး ဖြစ်တယ်လို့ ဗုဒ္ဓဘာသာဝင် အများစုက ယုံကြည်ထားကြပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း ကမ္မဌာန်းထိုင်နေသော အနေအထားဖြင့် တည်ရှိနေတဲ့ ရဟန်းတော် ရုပ်အလောင်းကို မွန်ဂိုလီးယား နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ဖူးကြောင်း dailymail သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
Posted Via D&D
Comments
Post a Comment